1.3 Open Source Software and Licensing: (1) Criteria of Free Software

Share this article to...

Introduction

            Free Software နှင့် Open Source Software ဆိုသော အသုံးအနှုန်းများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြပေမယ့် အယူအဆလွဲမှားမှုလေးတွေရှိနေဆဲပါ။ အထူးသဖြင့် Freedom ရဲ့သဘောတရားကို သေသေချာချာသိဖို့ လိုအပ်ပါတယ်။ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ ကြည့်ကြရအောင်ပါ။

Definition of Free and Open Source Software

(1) Criteria of Free Software

            Free Software လို့ဆိုကြရမှာ ပါဝင်နေတဲ့ Free ဟာ “Free of Charge” လို့ မဆိုလိုပါဘူး။ သို့မဟုတ် Free Software Foundation (FSF) ရဲ့ တည်ထောင်သူ Richard Stallman က တိတိကျကျလေး ပြောထားတာလည်း ရှိပါတယ်။

           ဒီသဘောတရားကို နားလည်ဖို့ဆိုလျင် Free ဆိုတာ လွတ်လပ်စွာပြောဆိုခြင်းမှ လွတ်လပ်မှုကို (Free as in “Free Speech”) ဆိုလိုတာပါ။ ဘီ​ယာ အခမဲ့ သောက်နိုင်ပါတယ်ဆိုတာမျိုးမှ (not as in “Free Beer”) အခမဲ့ လို့ မဆိုလိုပါဘူးတဲ့။

            Software အတွက် ငွေကြေးတစုံတရာ ပေးရတာဖြစ်ဖြစ် အခမဲ့ပဲဖြစ်ဖြစ် Free Software လို့ သတ်မှတ်ဖို့ရာ စံသတ်မှတ်ချက် (၄) ချက်ရှိပါတယ်။ Richard Stallman က အဲ့ဒီစံတွေကို “The Four Essential Freedoms” အနေဖြင့် ယခုလို Zero (0) မှစတင်ရေတွက် ဖော်ပြထားပါတယ်။

Freedom 0: မည်သည့်ရည်ရွယ်ချက်အတွက်မဆို ဆန္ဒရှိသလို Program ကို လွတ်လပ်စွာ အသုံးပြုခွင့်။

            အသုံးပြုလိုက်သည့် Software အတွက် ကန့်သတ်ချက်များမရှိ၊ ညွှန်းဆိုဖော်ပြချက်များမလိုဘဲ မည်သည့်နေရာမှာမဆို၊ မည်သို့မဆို၊ မည်သည့်အတွက်မဆို အသုံးပြုနိုင်ပါတယ်။

Freedom 1: Program အလုပ်လုပ်ပုံကို လေ့လာပြီး ဆန္ဒရှိသလို ပြုပြင်ပြောင်းလဲပြီး လွတ်လပ်စွာ အသုံးပြုခွင့်။

            အဲ့ဒီအတွက် Source Code ကို ဖတ်ခွင့်ပြင်ခွင့် ကြိုတင်ပေးထားရမှာပါ။

           အသုံးပြုသူ ဖန်တီးသူတိုင်းဟာ သူတို့ရဲ့လိုအပ်ချက်နှင့်စိတ်ကူးရှိသလို Software ကို ပြုပြင်ပြောင်းလဲလို့ရပါတယ်။ Software မှာပါဝင်သမျှ Source Code ဖိုင်အားလုံးကို Programmers တွေ ဖတ်ခွင့်ကြည့်ခွင့်ရှိရပါမယ်။ ဒီအချက်ဟာ Feature လေးတစ်ခု ထပ်ထည့်ချင်တဲ့ တစ်ဦးတည်းသုံးစွဲသူမှစပြီး Router Firmware (or) Smartphone Operating Systems တွေလို ရှုပ်ထွေးတဲ့ Complex Systems တွေတည်ဆောက်တဲ့ Software Companies တွေအထိ အားလုံးနှင့် သက်ဆိုင်အကျုံးဝင်ပါတယ်။

Freedom 2: အခြားသူတွေကို ကူညီနိုင်ဖို့အတွက် လွတ်လပ်စွာပြန်လည်ဝေမျှခွင့်။

            ဒီအချက်ကတော့ အခြားသူတွေအတွက် Software ကို ပြန်လည်မျှဝေဖို့ရာ တီထွင်ဖန်တီးသူတစ်ဦးချင်းစီကို အထူးအားပေးထားတာပါ။ သို့မှသာ သုံးစွဲသူ၊ တီထွင်ဖန်တီးသူ၊ ပြန်လည်မျှဝေသူတွေဟာ လွတ်လပ်မှုပေါ်အခြေခံပြီး အားလုံးအတွက်အကျိုးရှိတဲ့၊ ပိုမိုကောင်းမွန်စေမယ့် အသစ်အသစ်တွေ တီထွင်ဖန်တီးနိုင်မယ့် ကြီးမားကျယ်ပြန့်တဲ့ အသိုက်အဝန်းကြီးဖြစ်လာမှာပါ။

Freedom 3: အခြားသူတွေရဲ့ ဝေမျှမှုတွေကို မိမိတို့ယူသုံးပြီး ပြန်လည်ဖန်တီးပြုပြင်ထားတဲ့ Software Versions တွေကို အခြားသူတွေအတွက် လွတ်လပ်စွာ တစ်ဖန်ပြန်လည် မျှဝေခွင့်။

            ယခုလိုပြန်လည်မျှဝေခြင်းဖြင့် မိမိတို့ရဲ့ ပြုပြင်ပြောင်းလဲဖန်တီးထားမှုမှ အသိုက်အဝန်းတစ်ခုလုံးအတွက် အကျိုးရှိစေတာပါပဲ။ အဲ့ဒီအတွက် Source Code ကို ဖတ်ခွင့်ပြင်ခွင့် ကြိုတင်ပေးထားရမှာပါ။

            ဒါဟာ Software ကို လွတ်လပ်စွာ ဖြန့်ဝေခြင်းတင်မကဘဲ ပြုပြင်ဖန်တီးထားတဲ့ Modified Version ကိုပါ ပြန်လည်ဖြန့်ဝေတာပါ။ ဆိုလိုချင်တာကတော့ Free Software ကို ပြုပြင်ဖန်တီးလိုက်တဲ့ မည်သူမဆို သူ့ရဲ့ပြုပြင်လိုက်တဲ့အပိုင်းကို အခြားသူတွေအတွက်ပါ ပြန်လည်မျှဝေရမှာပါ။ သူတို့ပြုပြင်ထားတာ (သို့) ထပ်မံဖြည့်စွက်ထားတာကို အရင်အတိုင်း လွတ်လပ်စွာအသုံးပြုခွင့် မပျက်စေဘဲ ဆက်လက်ဝေမျှဖို့ လွတ်လပ်မှုကို မတားမြစ်ဖို့ပါ။ ဥပမာအားဖြင့် ဖန်တီးသူတစ်စုဟာ Software တစ်ခုကို မူရင်းဖန်တီးသူတွေနှင့် မတူညီတဲ့ စိတ်ကူးအသစ် အတွေးသစ်ရှိတယ်ဆိုလျင် မူရင်းဖန်တီးမှုရဲ့ Fork လို့ခေါ်တဲ့ အသွင်ကွဲတစ်မျိုးအဖြစ် ခွဲထွက်နိုင်၊ Project အသစ်တစ်မျိုးအဖြစ် ဆက်လက်ဖန်တီးနိုင်ပါတယ်။ သို့သော် မူရင်းလွတ်လပ်မှုကိုတော့ ဆက်လက်စွဲကိုင်ထားပေးရပါမယ်။ လွတ်လပ်စွာ အသုံးပြုခွင့်ဆက်ပေးရမှာပါ။

          Idea of Freedom ကို အထူးပြုတဲ့  Freedom Movement တိုင်းကို ဦးတည်တာနှင့် ဆန့်ကျင်တဲ့အခြားတစ်ဘက်မှာတော့ Software ကို Property အဖြစ် ပိုင်ဆိုင်မှု အကျိုးရလဒ်အဖြစ် မှတ်ယူပြီး လုံခြုံစွာထိန်းသိမ်းလျှို့ဝှက်ထားတာပါ။ Free Software နှင့် ဆန့်ကျင်ဘက်အပြိုင်ဖြစ်တဲ့ အဲ့ဒီလိုပြိုင်ဘက် Software မျိုးကိုတော့ Proprietary မူပိုင်ထုတ်လုပ်တဲ့ Software တွေလို့ခေါ်ပါတယ်။