1.1 Linux Evolution and Popular Operating Systems: Distributions

Share this article to...

၁၉၉၁ ခုနှစ်မှာ Linus Torvalds စတင်တီထွင်ဖန်တီးခဲ့တဲ့ Linux ဟာ နာမည်ကျော် OS များထဲက တခုဖြစ်နေပါပြီ။ AT & T Laboratories တွေမှာ ၁၉၇၀ ကျော်ကာလများဆီက ဖန်တီးခဲ့တဲ့ Unix OS ကနေ ဆင်းသက်ပေါ်ပေါက်လာခဲ့တာပါ။ ထားသိုပြောင်းရွှေ့ဖို့ လွယ်ကူတဲ့ ကုန်ကျစရိတ်သက်သာတဲ့ x86 Personal Computer တွေပေါ်မှာ Unix-like OS မျိုး အသုံးပြုနိုင်ဖို့ စတင်အကောင်အထည်ဖော်ခဲ့တာပါ။

Linux ဟာ  သီးခြား Project တခုအနေနဲ့ရပ်တည်တဲ့အတွက် အများအားဖြင့် Unix ရဲ့ အခြေခံစိတ်ကူးနဲ့စည်းမျဉ်းစည်းကမ်းတွေကို အသုံးပြုထားပေမယ့် Unix Code တွေ မပါဝင်နေပါဘူး။ တစ်ဦးတစ်ယောက်ပိုင်ကုမ္ပဏီတခုရဲ့ ထောက်ပံ့မှုမဟုတ်တဲ့ နိုင်ငံတကာ ပရိုဂရမ်မာအသိုက်အဝန်းကြီးရဲ့ ဝိုင်းဝန်းတီထွင် ကူညီပံ့ပိုးမှုပုံစံမျိုးနဲ့ ရှိနေပါတယ်။ ကုန်ကျစရိတ်မရှိဘဲ လွတ်လပ်စွာရရှိနိုင်တာကြောင့်လည်း အကန့်အသတ်တွေမရှိနေဘဲ မည်သူမဆို အသုံးပြုနိုင်ပါတယ်။

Distributions

            Linux distribution ဟုဆိုပါလျင် Linux kernel နှင့်တကွ ကုမ္ပဏီတခု (သို့) အသုံးပြုသူအသိုက်အဝန်းတခုရဲ့ အသုံးချဆော့ဖ်ဝဲတချို့ပါဝင်တဲ့ Linux OS ပေါင်းစည်းမှုတမျိုးလို့ ပြောလို့ရပါတယ်။ Kernel ဆိုတာကတော့ OS ရဲ့ အဓိကကျတဲ့ လုပ်ဆောင်မှုတွေအားလုံးကို တာဝန်ယူလုပ်ဆောင်ပေးမယ့် အရေးပါလှတဲ့ အစိတ်အပိုင်းပဲဖြစ်ပါတယ်။ Linux OS Distribution တစ်ခုပေါ်ပေါက်လာရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ Kernel အပိုင်းကို ပိုမိုကောင်းမွန်စေဖို့နဲ့ OS ပေါ်မှာအသုံးပြုနေတဲ့ ဆော့ဖ်ဝဲလ်တွေကို အသုံးပြုသူတစု (သို့) အသုံးပြုပုံတခုအတွက် ပိုမိုကောင်းမွန်စွာ အသုံးပြုနိုင်ဖို့အတွက်ပဲ ဖြစ်ပါတယ်။ Distribution တွေမှာ ဆော့ဖ်ဝဲလ်ထည့်သွင်းခြင်းနဲ့ စနစ်စီမံခန့်ခွဲခြင်းတို့အတွက် သီးခြားပုံစံတမျိုးစီရှိတတ်ကြပါတယ်။  ဒါကြောင့်ပဲ အချို့ Distribution တွေက တစ်ဦးချင်းအသုံးပြုကြတဲ့ Desktop Environment အတွက် အသုံးပြုရလွယ်ကူတဲ့ပုံစံဖြစ်ဖို့လိုသလို ကျန်တချို့ကတော့ ရနိုင်သမျှ Resources (Processors, Memory, Storage, etc.,) တွေကို ဖြစ်နိုင်သမျှထိထိရောက်ရောက် အသုံးပြုနိုင်စေဖို့ အဓိကရည်ရွယ်တဲ့ Server Environment များအတွက် ဖြစ်ဖို့လိုပါတယ်။

            Distribution တွေကို နောက်တနည်း အမျိုးအစားခွဲခြားပုံကတော့ Distribution Family အဖြစ်နဲ့ တူရာတူရာအုပ်စုခွဲခြား သတ်မှတ်ကြတဲ့ပုံစံမျိုးဖြစ်ပါတယ်။ Debian Distribution Family အုပ်စုမှာတော့ ဆော့ဖ်ဝဲလ်များစီမံခန့်ခွဲမှုအတွက် အဓိကလုပ်ဆောင်ပေးတဲ့ Package Manager အနေနဲ့ dpkg ကို အသုံးပြုပါတယ်။  Debian Distribution အသိုက်အဝန်းတခုရဲ့  စေတနာ့ဝန်ထမ်း ကူညီတီထွင် ဖန်တီးသူများဟာ Package Manger အသုံးပြုပြီး Software Packages များ ထည့်သွင်းနိုင်ကြဖို့အတွက် အစဥ်အမြဲကူညီပံ့ပိုးပေးကြပါတယ်။ သူတို့ဟာ ဆော့ဖ်ဝဲထည့်သွင်းပုံနဲ့ အသုံးပြုလိုသည့်ပုံစံအတိုင်း ပြုပြင်နိုင်ပုံများကို ဖော်ပြဖို့အတွက် deb package format အသုံးပြုကြပါတယ်။ Package ဆိုသည်မှာလည်း Distribution ကဲ့သို့ပဲ ဆော့ဖ်ဝဲလ်အစုအပေါင်းတခုပဲဖြစ်ပြီး အသုံးပြုပုံ၊ ထည့်သွင်းပုံ၊ နောက်ဆုံး Version ရယူပုံများကို အလွယ်တကူသိရှိနိုင်စေရန် ဖော်ပြထားသော Documentation နှင့် သက်ဆိုင်ရာပြုပြင်ရမည့်ဖိုင်များပါဝင်ပါတယ်။

         Debian GNU/Linux distribution ကတော့ Debian distribution family ထဲမှာ အကြီးဆုံး Distribution တခုပါပဲ။ Ian Murdock က Debian GNU/Linux Project ကို ၁၉၉၃ မှာ စတင်ခဲ့ပါတယ်။ Volunteers ထောင်ပေါင်းများစွာဟာ အဲ့ဒီ Project မှာ ပါဝင်ဆောင်ရွက်လျက်ရှိပါတယ်။ ရည်ရွယ်တာကတော့ အလွန်စိတ်ချယုံကြည်ရတဲ့ OS တခုဖြစ်ဖို့ပါပဲ။ Richard Stallman ရဲ့ ဆော့ဖ်ဝဲလ်တွေ အသုံးပြုတဲ့အခါ၊ လေ့လာတဲ့အခါ၊ ပြန်လည်ဖြန့်ဝေတဲ့အခါ၊ ပိုမိုကောင်းမွန်အောင်ဆောင်ရွက်တဲ့အခါ လွတ်လပ်စွာ လုပ်ဆောင်နိုင်ကြဖို့ကို အလေးထားတဲ့အမြင်ကို ပိုမိုတိုးတက်စေဖို့အတွက်လည်း ဖြစ်ပါတယ်။ ထိုအကြောင်းကြောင့်ပဲ မည်သည့် တစ်ဦးတည်းမူပိုင်ထုတ်ဆော့ဖ်ဝဲလ်တွေကိုမှ အခြေခံအားဖြင့်တော့ ထည့်မသုံးထားပါဘူး။

         Ubuntu ဆိုတာကတော့ ဖော်ပြညွှန်းဆိုသင့်တဲ့ Debian-based distribution တမျိုးပါပဲ။ Mark Shuttleworth နဲ့အဖွဲ့ဟာ အသုံးပြုရလွယ်ကူတဲ့ Linux Desktop Environment တမျိုးပေါ်ပေါက်လာစေဖို့ ရည်ရွယ်ချက်နဲ့  ၂၀၀၄ ခုနှစ်မှာ စတင်ဖန်တီးခဲ့ကြတာပါ။ ကမ္ဘာတဝန်းမှာရှိတဲ့ မည်သူမဆို လွတ်လပ်စွာ ပြုပြင်အသုံးပြုလို့ရမယ့်၊ တတ်ကျွမ်းနားလည်သူတွေကို ပေးချေကြရတဲ့ ဝန်ဆောင်မှုကုန်ကျစရိတ်တွေကို လျော့ချပေးနိုင်မယ့်၊ ဆော့ဖ်ဝဲလ်တခုကို ထုတ်လုပ်ပေးနိုင်ဖို့ပဲ အဓိကထားပြီး ဆောင်ရွက်ကြပါတယ်။ ၆လတစ်ကြိမ် အသစ်ထွက်ရှိမယ့် ပုံမှန် Version တစ်ခုထွက်ရှိဖို့နဲ့ ရေရှည်ဝန်ဆောင်မှုပေးမယ့် (Long-term Support – LTS Release) ၂ နှစ်တစ်ကြိမ်ထွက်ရှိမယ့် Version တစ်ခုထွက်ရှိဖို့ အစီအစဥ်တကျလုပ်ဆောင်လျက်ရှိပါတယ်။

         Red Hat ဆိုတာကတော့ Red Hat ကုမ္ပဏီထုတ် Linux Distribution တစ်ခုဖြစ်ပြီး ၂၀၁၉ မှာတော့ IBM ကုမ္ပဏီက လွှဲပြောင်းရယူခဲ့ပါတယ်။ ၁၉၉၄ မှာ စတင်ခဲ့တဲ့ Distribution တစ်ခုဖြစ်ပြီး ၂၀၀၃ ခုနှစ်မှာတော့ Red Hat Enterprise Linux (RHEL) အဖြစ် ပြောင်းလဲခေါ်ဝေါ်ခဲ့ပါတယ်။ Professional Server Environments တွေမှာ Linux အသုံးပြုမှုကို လွယ်ကူစေမယ့် ဆော့ဖ်ဝဲလ်တွေနဲ့အတူ စီးပွါးရေး လုပ်ငန်းကြီးများအတွက် ယုံကြည်စိတ်ချရမယ့် ဖြေရှင်းဆောင်ရွက်ပေးမှုတွေကို Red Hat က လုပ်ဆောင်ပေးပါတယ်။ အချို့သော အပိုင်းများကိုတော့ လိုင်စင် (သို့) ဝန်ဆောင်ခများ ပေးချေရယူကြဖို့ လိုအပ်မှာဖြစ်ပါတယ်။ RHEL ရဲ့ Source Code တွေအတိုင်းဖန်တီးထားတဲ့ CentOS Project ကတော့ လွတ်လပ်စွာ ရယူအသုံးပြုနိုင်တဲ့ ဝန်ဆောင်ခကုန်ကျရန်မလိုတဲ့ Distribution တမျိုးအဖြစ်ရှိပါတယ်။ ဝန်ဆောင်ခကုန်ကျနိုင်တဲ့ အထောက်အပံ့ ကူညီမှုတွေတော့ မရရှိနိုင်ပါ။

         RHEL နဲ့ CentOS ၂မျိုးလုံးကတော့ Server Environments တွေအတွက် အထူးရည်ရွယ်ထုတ်လုပ်ထားပါတယ်။ Fedora Project ကိုတော့ ၂၀၀၃ ခုနှစ်မှာစတင်ခဲ့ပြီး Desktop Computers တွေအတွက်ရည်ရွယ်တဲ့ Linux Distribution တစ်ခုအဖြစ် ဖန်တီးခဲ့ကြပါတယ်။ Red Hat ကပဲ စတင်ဖန်တီးပြီး အစဥ်တစိုက် ထိန်းသိမ်းပြုပြင်ခဲ့တဲ့ Fedora Distribution ဟာ အလွန်တိုးတက်တဲ့ အရှိန်အဟုန်နဲ့ရှိနေပါတယ်။ နည်းပညာအသစ်တွေကို လျင်လျင်မြန်မြန်ရယူပြီး စမ်းသပ်ဆောင်ရွက်မှုများ လုပ်ဆောင်ရင်းနဲ့ နောက်ပိုင်းမှာတော့ RHEL မှာထည့်သွင်းအသုံးပြုသွားတာပါ။ Red Hat အခြေခံထားတဲ့ Distributions များအားလုံးဟာ rpm Package Format ကို အသုံးပြုကြပါတယ်။

         SUSE ကုမ္ပဏီကိုတော့ ဂျာမနီနိုင်ငံမှာ Unix Service Provider အဖြစ်နဲ့ ၁၉၉၂ ခုနှစ်မှာ စတင်ထူထောင်ခဲ့ပါတယ်။  SUSE Linux ရဲ့ ပထမ Version အနေနဲ့ ၁၉၉၄ မှာစတင်ထွက်ရှိခဲ့ပါတယ်။ နောက်နှစ်အနည်းငယ်အကြာမှာတော့ Servers နဲ့ Networks တွေ စတင်အသုံးပြုနိုင်ဖို့၊ Software နဲ့ Hardware တွေ ထည့်သွင်းအသုံးပြုနိုင်ဖို့၊ ပြုပြင်ပြောင်းလဲနိုင်ဖို့အတွက် Administrators တွေ အသုံးပြုနိုင်တဲ့  YaST Configuration Tool ပေါ်ထွက်လာမှုနဲ့အတူ SUSE Linux ဟာ ပိုပြီးကျော်ကြားလာပါတော့တယ်။ RHEL ကဲ့သို့ပဲ SUSE Linux Enterprise Server အဖြစ်နှင့် Commercial Edition ပေါ်ထွက်လာပါတယ်။ မကြာခဏထွက်ရှိတဲ့ Version ပုံစံမျိုးမဟုတ်တဲ့ စီးပွါးရေးလုပ်ငန်းကြီးတွေနဲ့ လုပ်ငန်းသုံးအတွက် သင့်တော်တာမျိုးဖြစ်ပါတယ်။ Server နှင့် Desktop Environment ၂ မျိုးလုံးအတွက် ကိုက်ညီအောင်ထုတ်လုပ်ထားတဲ့ Packages များနှင့်အတူ ထွက်ရှိပါတယ်။ ၂၀၀၄ ခုနှစ်မှာတော့ ဖန်တီးသူများအတွက် ပိုမိုစမ်းသပ်ဖန်တီးနိုင်ဖို့ အခွင့်အလမ်းတွေ ဖွင့်လှစ်ထားပေးတဲ့ openSUSE Project အဖြစ်နဲ့ ပေါ်ထွက်လာခဲ့ပါတယ်။ openSUSE Distribution ကို အခမဲ့ဒေါင်းလုပ်ရယူနိုင်ပါတယ်။  

         Distributions အမျိုးမျိုးဟာ နှစ်ကာလကြာလာတာနှင့်အမျှ သီးခြားစီပေါ်ထွက်လျက် ရှိပါတယ်။ အချို့ဟာ Red Hat၊ အချို့ဟာ Ubuntu ပေါ်မှာ အခြေခံဖန်တီးထားပြီး အချို့ကတော့ သီးသန့်မူပိုင် System (or) Hardware တွေပေါ်မှာ ပိုမိုကောင်းမွန်အောင် ဒီဇိုင်းပြုလုပ်ပြီး ဖန်တီးထားကြပါတယ်။ QubesOS လိုမျိုး သီးခြားလုပ်ဆောင်မှုတွေပါဝင်တဲ့ Distributions များရှိသလို၊ Penetration Testers များ အဓိကထား အသုံးပြုကြတဲ့ ဆော့ဖ်ဝဲလ်အားနည်းချက်များကို ထိုးနှက်တိုက်ခိုက်နိုင်မယ့် Environment ဖန်တီးပေးမယ့် Security အတွက် အဓိကထားထုတ်လုပ်ထားတဲ့ အလွန်စိတ်ချရတဲ့ Desktop Environment ဖြစ်တဲ့ Kali Linux လိုမျိုး Distributions တွေလိုမျိုးလည်း ရှိပါတယ်။ Docker ကဲ့သို့ Linux Containers တွေမှာ အထူးသဖြင့် အသုံးပြုနိုင်တဲ့ Super Small Linux Distributions အမျိုးမျိုးလည်း  ရှိသလို၊ Embedded Systems တွေနှင့် Smart Devices တွေမှာပါ အသုံးပြုလာနိုင်တဲ့ Distributions များလည်းရှိလာပါတယ်။